ရန်ကုန်၊ မတ် ၁၊ ၂၀၂၅
ဆောင်းသီးနှံ မတ်ပဲရိတ်သိမ်းကာလမှာ လုပ်သား ရှားပါးနေပြီး ပြီးခဲ့တဲ့နှစ်ထက် လုပ်ခနှစ်ဆပေးပြီး ငှားရမ်းနေရတယ်လို့ မတ်ပဲစိုက်တောင်သူတွေဆီက သိရပါတယ်။
နယ်မြေ မငြိမ်းချမ်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုတွေကြောင့် ကျေးလက်နေ လူငယ်အများစုဟာ ပြည်ပကို သွားရောက်အလုပ် လုပ်ကိုင်လာကြတဲ့အတွက် ပြည်တွင်းမှာ လူသားအရင်းအမြစ် ဆုံးရှုံးပြီး လယ်ယာလုပ်သား ရှားပါးမှုပြဿနာတွေနဲ့ တောင်သူတွေ ရင်ဆိုင်နေရပါတယ်။
" မနှစ်က မတ်ပဲနုတ်ခ တစ်ယောက်ကို တစ်မနက် ၄၀၀၀၊ အခုနှစ် ၈၀၀၀ ပေးရတယ်။ အဲတာ ပဲနုတ်။ ပဲစုတာ၊ ခြွေတာအတွက်က ယောက်ျားလေးတွေမှ အဆင်ပြေတာ။ ခေတ်အခြေအနေက မကောင်းတော့ အမျိုးသားလုပ်သား ရှားလာတယ်။ ဈေးပိုပေးရင်တောင် သိပ်မလိုက်ရဲကြဘူး။ ခုနှစ် ပဲရာသီ ကမောက်ကမ တော်တော်များတယ် " လို့ ပဲခူးတိုင်း ( အနောက်ပိုင်း) ပြည်ခရိုင်မှ ပဲစိုက်တောင်သူ ဦးလှမြင့်က ပြောပါတယ်။
လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ရာသီပေါ် သီးနှံတွေကို ရိတ်သိမ်းသိုလှောင်ရမယ့်အချိန် ကျရောက်နေပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေမှာ လယ်ယာလုပ်သား ငှားရမ်းရ ခက်ခဲနေသလို၊ အလုပ်သမား ငှားရမ်းခနှုန်းထားတွေလည်း မြင့်တက်နေပါတယ်။
နေ့စားလုပ်အားခတွေ ဈေးတက်လာသလို ပြီးခဲ့တဲ့နှစ် ဆောင်းမတ်ပဲရိတ်သိမ်းချိန်က ဧကပြတ်အလုပ်သမား ငှားရမ်းခအနေနဲ့ တစ်ဧကကို ၁၄၀,၀၀၀ ကျပ်လောက်သာ ရှိခဲ့ပေမယ့်၊ အခုနှစ်မှာတော့ တစ်ဧကကို ၁၈၀,၀၀၀ ကျပ်လောက်အထိ မြင့်တက်လာပါတယ်။
မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ခင်းတွေဟာ သတ်မှတ်ကာလအတွင်း ရိတ်သိမ်းရတာ ဖြစ်တဲ့အတွက် အချိန်မီ ရိတ်သိမ်းနိုင်ခြင်း မရှိပါက အပင်တွေ အခြောက်လွန်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ တောင်သူတွေက ဆိုပါတယ်။
အခုနှစ်ဆောင်းသီးနှံ ပဲစိုက်ပျိုးရာမှာ စိုက်ပျိုးစရိတ်ကုန်ကျမှုအနေနဲ့ အရင်နှစ်က ကုန်ကျ စရိတ်ထက် တစ်ဧကကို တစ်သိန်းကနေ တစ်သိန်းခွဲလောက် ပိုမိုကုန်ကျခဲ့ပြီး၊ ပိုးမွှားအန္တရာယ်လည်း ပိုမို ကြုံခဲ့ရတာဖြစ်ပါတယ်။
မတ်ပဲတစ်ဧကကို အထွက်နှုန်းကောင်းရင် ၂၅တင်း ကနေ တင်း ၃၀ အထိထွက်တဲ့နေရာတွေ ရှိသလို တချို့နေရာတွေမှာ တစ်ဧကကို ၅ တင်းကနေ ၁၀ တင်းလောက်ပဲ ထွက်ကြောင်း၊ အထွက်နှုန်းနည်းပါးရင် စိုက်ပျိုးရင်းနှီးစရိတ် မြင့်တက်လာတာကြောင့် တောင်သူတွေ ပိုအထိနာတယ်လို့ မတ်ပဲစိုက် တောင်သူတွေဆီက သိရပါတယ်။ Source: Global Move Media