အကျများနေတဲ့ မတ်ပဲဈေးကွက်နဲ့ ပတ်သက်လို့

 


 မြန်မာရော အိန္ဒိယမှာ မတ်ပဲအသစ်တွေ ပေါ်လာတာနဲ့ ဝယ်လက်တွေကလည်း အခြေအနေစောင့်ကြည့်ရင်း ထိန်းဝယ်နေတာ၊ လှောင်လက် မရှိသေးဘဲ ဖြစ်နေတာတွေကြောင့် မတ်ပဲဈေးတွေ ကျနေပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးစိုက်မတ်ပဲသစ်တွေ ဝင်နေတာ ၊ ဆောင်းစိုက်မတ်ပဲကလည်း အခြေအနေကောင်းနေတာနဲ့ ဒီလထဲမှာ မြန်မာမတ်ပဲသစ်တွေ ဝင်လာနိုင်တာကြောင့် မတ်ပဲက ကာလတစ်ခုထိ အရောင်းများနေဦးမယ်လို့ မျှော်လင့်ရပါတယ်။

တနည်း ပြောရရင် ဈေးက တော်တော်နဲ့ ပြန်မတက်နိုင်ဘဲ အကျတန်းမှာ ဆက်ရှိနိုင်ပါတယ်။ တက်ရင် ခဏနဲ့ နည်းနည်း၊ ကျရင် များများနဲ့ ကြာကြာ သဘော ဖြစ်ပါတယ်။

မျှော်လင့်စရာတစ်ခု ရှိတာက အိန္ဒိယမှာ ရာသီအလိုက် ပါပလာ ပြုလုပ်မှုအများဆုံး ဖြစ်တဲ့ မတ်လကို မကြာမီ ရောက်လာတော့မှာ ဖြစ်လို့ ဒီအချက်က မတ်ပဲဈေးကွက်ကို တနည်းတဖုံ ကျားကန်ထောက်ပံ့ပေးနိုင်မယ်လို့ ယူဆရပါတယ်။ မတ်ပဲဈေး ပြန်တက်နိုင်မယ့် မျှော်လင့်ချက်တစ်ခုပါ။

ဒီအချက်က အကျများနေတဲ့ မတ်ပဲဈေးကွက်အတွက် ယာယီ အသက်ရှူပေါက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ မတ်ပဲရောင်းအား များနေတာနဲ့ မြန်မာမှာလည်း မတ်ပဲအထွက်ကောင်းမယ်လို့ သူတို့က မျှော်မှန်းထားတာကြောင့် ဈေးအများကြီး ပြန်တက်ဖု့ိတော့ မလွယ်သေးပါ။ 

အိန္ဒိယဘက်က အခြေအနေ သိလိုသူတွေအတွက် Current Content က ရှာဖွေစုစည်းတင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ (သတင်းကို ပြန်ကူးတင်ခွင့် မပြုပါ။ Share နိုင်ပါတယ်)