အိန္ဒိယမတ်ပဲဈေးကွက်သတင်း (၂၅.၂.၂၀၂၅)

 


25.2.2025
Current Content Presents

မနေ့က တနင်္လာနေ့ ဈေးကွက်ဖွင့်ရက်မှာ သိရတဲ့ အိန္ဒိယသတင်းတွေအရ ရာသီအလိုက် ဝယ်လိုအားကြောင့် မတ်ပဲဈေး တည်ငြိမ်နေပေမဲ့ ရှေ့ဆက်တက်ဖို့ကတော့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်း ရာသီချိန်အလိုက် မတ်ပဲဝယ်လိုအား များလာတော့မှာ ဖြစ်ပေမဲ့ ဈေးကွက်ထဲ မတ်ပဲအဝင် များလာတာကြောင့် မတ်ပဲဈေးက ဆက်တက်ဖို့ မလွယ်သေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ဆောင်းစိုက်မတ်ပဲအသစ်တွေ ဒေသတချို့မှာ စဝင်နေပြီး မြန်မာမတ်ပဲတင်သွင်းမှုကလည်း ပုံမှန် ရှိနေတာကြောင့် ဝယ်လိုအား ရှိသလောက် ရောင်းလိုအားကလည်း အပြိုင် ရှိနေတယ်လို့ ဆိုပါတယ်။


အဲဒီလို မတ်ပဲရောင်းအားဘက်က အသင့် ရှိနေတဲ့အနေအထားကြောင့် ရာသီအလိုက် ဝယ်လိုအားတွေ တက်လာမယ့်အချိန်မှာ မတ်ပဲဈေး တက်ချင်သလောက် တက်ခွင့်မရဘဲ ဈေးအငြိမ်ပဲ ပြန်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိ မြန်မာပြည်တွင်းမှာလည်း အရင်အပတ်က ဆက်တိုက်တက်ခဲ့တဲ့ မတ်ပဲဈေးတွေက ဒီအပတ်ထဲမှာ နည်းနည်း ပြန်အေးချင်သလို ဖြစ်နေပြီး နယ်ဈေးရော ပို့ကုန်မတ်ပဲဈေးပါ အနည်းငယ်စီ ပြန်ကျလာတာ တွေ့ရပါတယ်။

မတ်ပဲ Raw ဈေးကို ကျပ် ၃ သိန်းထိ တက်လာမလားလို့ မျှော်လင့်ခဲ့ကြပေမဲ့ အများဆုံး ၂၉၇၅၀၀ ကျပ်ထိပဲ တက်နိုင်ခဲ့ပြီး အခု ဒီနေ့ညနေပိုင်းမှာဆိုရင် ကျပ် ၂၉၅၀၀၀ ကို ပြန်ကျနေပါတယ်။ 


အခုလို ဈေးပြန်ကျတာက ရှေ့ဆက်တက်ဖို့ တချက် ဆုတ်တာလား၊ ပြန်တက်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီသတင်းကို Current Content က ဘာသာပြန်၊ စုစည်းသုံးသပ်ပြီး တင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။