ဒီရက်ပိုင်း အိန္ဒိယဘက်က သိရသလောက် မတ်ပဲဈေးကွက်အခြေအနေတွေကတော့ ဒီဘက်ကလူတွေအဖို့ အားတက်စရာ ဖြစ်နေပါတယ်။
အိန္ဒိယသုံး ရူပီးငွေတန်ဖိုး စံချိန်တင်အောင် ထိုးကျနေတာနဲ့ ရာသီချိန်ခါအလိုက် မတ်ပဲဝယ်လိုအား များတဲ့ ကာလကို ရောက်လာတာတွေကြောင့် မတ်ပဲဈေးက အငြိမ်ကနေ အတက်ကို ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
စားသုံးသူတွေက မတ်ပဲခွဲခြမ်းကို အဝယ်သွက်နေတာကြောင့် ပဲခွဲစက်သမားတွေဘက်က ဝယ်လိုအားလည်း များနေပြီး ဒီအတောအတွင်း ရူပီးတန်ဖိုးအကျမှာ မြန်မာကနေ တင်သွင်းလာတဲ့မတ်ပဲတွေက ဈေးပိုကြီးလာလို့ အိန္ဒိယမတ်ပဲဈေးတွေလည်း ခပ်မာမာ ဖြစ်လာပါတယ်။
ပြီးတော့ အိန္ဒိယရူပီးငွေက အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် တစ်ဒေါ်လာကို ၈၇ ရူပီးဝန်းကျင်အထိ တဟုန်ထိုး ကျနေပြီး အိန္ဒိယဗဟိုဘဏ်က ကြားဝင်ထိန်းပေးနေတဲ့ကြားက ထိန်းမနိုင် ဖြစ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းထွက်မတ်ပဲတွေကလည်း ဈေးကွက်ထဲ သိပ်မဝင်ဘဲ ဖြစ်နေလို့ အရောင်းထက် အဝယ်ပိုအားသာတဲ့ အခြေအနေ ဖြစ်ပေါ်နေပြီး မတ်ပဲဈေးနှုန်းကို ပင့်တင်ထားသလို ဖြစ်စေပါတယ်။
လာမယ့်မတ်လထဲမှာ ရာသီအလိုက် မတ်ပဲဝယ်လိုအား များတတ်တဲ့ကာလကို ရောက်လာမှာဖြစ်ပြီး ဒီအချိန်မှာ ရူပီးငွေတန်ဖိုးက အားပျော့နေတာကြောင့် မတ်ပဲဈေးက တက်ရိပ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
မြန်မာမှာလည်း မတ်ပဲ Raw ဈေးက ကျပ် ၂၉၀၀၀၀ ပတ်လည်မှာတင် အတက်အကျပါးပါးလေး လှုပ်ရှားနေပြီး မကြာခင် အတက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်စရာ ရှိနေပါတယ်။
ဒီသတင်းကို Market Beat နဲ့ Current Content က တင်ဆက်ပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ၊ လွတ်လပ်စွာ Share နိုင်ပါတယ်။