13.3.2025
Current Content Presents
အမေရိကန်ရဲ့ငွေဖောင်းပွမှု ထင်ထားသလောက် တိုးမလာဘဲ ကုန်သွယ်စစ်ပွဲ ဖြစ်စေမယ့် အခွန်စည်းကြပ်မှု အရှိန်အဟုန်က ကြီးထွားလာတဲ့အတွက် အရင်ရက်တွေက ဝေ့လည်နေတဲ့ ကမ္ဘာ့ရွှေဈေးက တဖြည်းဖြည်း မြင့်တက်လာပါတယ်။
ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ဒေါ်လာ ၂၉၄၀ ဝန်းကျင် ရှိနေပြီး ရွှေကြိုပွိုင့်ဈေးကလည်း ၂၉၄၆ ဒေါ်လာကို အလားတူ မြင့်တက်လာပါတယ်။ အရင်ရက်တွေက ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၂၉၀၀ အပေါ်နဲ့အောက်မှာ တက်လိုက်ကျလိုက် ဖြစ်နေရာက အခု သိသာမြင်သာ တက်လာတာပါ။
လေ့လာဆန်းစစ်သူတွေက ကမ္ဘာ့ရွှေဈေးက နောက်လာမယ့်လတွေအတွင်း ဒေါ်လာ ၃၀၀၀ ဈေးတန်းအပေါ်ကို ဖြတ်ကျော် မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အခွန်စည်းကြပ်ရေးမူဝါဒက အခုနေ တမျိုး၊ တော်ကြာတမျိုး ဖြစ်နေလို့ ကမ္ဘာ့ဈေးကွက်တွေလည်း ကမောက်ကမ ဖြစ်နေပါတယ်။
ဒီအခြေအနေမှာ ကမ္ဘာ့ရွှေကို စိတ်ချရတဲ့အာမခံပစ္စည်းအဖြစ် ဝယ်သိမ်းကြသူတွေ များနေလို့ ဈေးတန်းအမာ ဖြစ်နေပါတယ်။ မြန်မာပြည်တွင်းမှာတော့ အခေါက်ရွှေဈေးက ကျပ် ၆၆ သိန်းပတ်လည်မှာ လှုပ်ရှားနေပြီး ဒီနေ့ တပေါင်းလပြည့်မှာ ကျပ် ၆၆ သိန်းနဲ့ ၆၆ သိန်းခွဲဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ Current Content ရဲ့ သတင်း ဖြစ်ပါတယ်။