မြန်မာ့ဆန်တင်ပို့မှု ၂ လ ဆက်တိုက် ပြန်လည် လျော့ကျနေ

 


မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက ၂၀၂၅ ခုနှစ် ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ၂ လဆက်တိုက် ပြန်လျော့ကျလာပါတယ်။

နိုင်ငံတကာဈေးကွက်မှာ ဆန်ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဝယ်လိုအား နည်းနေတာကြောင့် ပြည်တွင်းမှာလည်း ပြည်ပပို့ဆန်တွေ ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ ဇန်နဝါရီလက စလို့ သိသိသာသာ ပြန်ကျဆင်းလာတာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း တင်ပို့မှုက ပြီးခဲ့တဲ့ ၉ လအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

ပြည်ပကို လအလိုက် ဆန်နဲ့ ဆန်ကွဲတင်ပို့မှု အနေနဲ့ အောက်တိုဘာလမှာ တန်ချိန် ၄ သိန်းကျော်ထိ အများဆုံး တင်ပို့နိုင်ခဲ့တာကို တွေ့ရပြီး အမေရိကန်ဒေါ်လာ ၁၈၉ သန်း ရရှိခဲ့ပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိ ရှိခဲ့ပြီး ဇန်နဝါရီလမှာ တန်ချိန် ၂ သိန်းကျော်နဲ့ ဖေဖော်ဝါရီလမှာ တန်ချိန် ၁ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။

ရာသီဥတုနဲ့ ဖျက်ပိုးကြာင့် စပါးအထွက်နှုန်း လျော့နည်းနေတဲ့အခြေအနေနဲ့ နိုင်ငံတကာဆန်ဈေးကွက်မှာ ဆန်ဝယ်လိုအား လျော့နည်းနေတဲ့အခြေအနေတို့ကြောင့် တောင်သူတွေ စပါးဈေးမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ တောင်သူတွေဟာ စိုက်ပျိုးစရိတ် မြင့်မားတာအပြင် လုံခြုံရေး အခြေအနေကြောင့် ကုန်သည်တွေက ဆင်းမဝယ်လို့ ရောင်းချရခက်ခဲတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရပါတယ်။

စစ်ကိုင်းတိုင်းက စပါးစိုက်တောင်သူတယောက်က “ရာသီဥတုမမှန် ပိုးကျလို့ အထွက်က လျော့ရတဲ့အထဲ ဒီနှစ်က ဈေးလည်းမရဘူး။ ဈေးမကောင်းတာကို ဝယ်မယ့်သူမရှိဘူး။ အရင်ကဆို စက်ကျကို အတင်း ဝယ်ကြတာ။ အခုက ပွဲစားတွေလည်း ဆင်းမလာကြဘူး” လို့ ပြောပါတယ်။

အခုလို တောင်သူတွေရဲ့စပါးဈေးတွေ ကျဆင်းနေပေမဲ့ ပြည်တွင်းစားဆန်ဈေးတွေက မကျတာကြောင့် စားသုံးသူတွေကတော့ ဈေးကြီးပေး ဝယ်စားနေရတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။

ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရာမှာ ပင်လယ်ရေကြောင်းကသာ အဓိက တင်ပို့နေတာဖြစ်ပြီး စကစရဲ့ ပို့ကုန်ရငွေ မူဝါဒနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကနေ ဆန်တင်ပို့မှုက မရှိသလောက် ဖြစ်နေတာပါ။

အခုဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်ကို အများဆုံး ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တရုတ်နဲ့ ဘယ်ဂျီယံနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ Source: DVB News