27.3.2025
မြန်မာ့ပဲတီစိမ်းကို ပုံမှန်ဝယ်လက် တရုတ်နိုင်ငံအပြင် တခြားပြည်ပဝယ်လက်တွေကပါ ဝယ်လိုအား ကောင်းနေတာကြောင့် ပဲစိုက်တောင်သူတွေ အရောင်းများနေတဲ့ကြားက ဒေသအလိုက် ပြည်တွင်းပဲတီစိမ်းဈေးတွေ မြင့်တက်လာပါတယ်။
မနှစ်က ဒီလိုအချိန် ခရမ်းရွှေဝါ (ထိပ်စ) ဈေးတွေက တစ်တင်းကို ကျပ် ၇၀၀၀၀/၈၀၀၀၀ ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကျပ် ၁၂၀၀၀၀ နဲ့ ၁၂၃၀၀၀ အထိ မြင့်လာပြီး မနှစ်က ကျပ် ၆၃၀၀၀ ခန့်သာ ရှိခဲ့တဲ့ လက်ပံတန်း ပဲတီစိမ်းရွှေဝါဈေးက အခု ကျပ် ၁၁၀၀၀၀ ကို မြင့်လာပါတယ်။
အစဉ်အလာအရ ပဲတီစိမ်းဈေးကွက်မှာ အမြင့်ဆုံးဖြစ်တဲ့ ခရမ်းရွှေဝါက ဒီနှစ်မှာ ပဲတီစိမ်း (ဝါးခယ်မ) ဈေးအောက် ရောက်နေပြီး မနှစ်က တစ်တင်းကို ကျပ် ၆၃၀၀၀ ခန့်သာ ရှိခဲ့တဲ့ ဝါးခယ်မဈေးက ဒီနှစ်မှာတော့ ကျပ် ၁၄၀၀၀၀ - ၁၅၀၀၀၀ ကြားအထိ ခုန်တက်လာတာ တွေ့ရပါတယ်။
နှစ်စဉ် ပဲတီစိမ်းဈေးကွက်က ပဲပေါ်ချိန်လောက်သာ ဈေးကောင်းရတတ်တာကြောင့် ပဲစိုက်တောင်သူတွေက ပဲပေါ်တာနဲ့ ခူးဆွတ်ရိတ်သိမ်းပြီး ထွက်သမျှပဲတွေကို ရောင်းထုတ်လေ့ရှိပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာ တောင်သူတွေက လက်ဝယ်ရှိ ပဲတီစိမ်းတွေကို အရောင်းများနေပေမဲ့ ပဲတီစိမ်းက ဈေးအတက် ရပ်မသွားဘဲ ဆက်မာနေတာကြောင့် တောင်သူတွေလည်း ဈေးကောင်းရတုန်း ရောင်းချနေပြီး တချို့ဆိုရင် လက်ထဲမှာ ပဲမကျန်သလောက် ကုန်သွားပြီလို့ သိရပါတယ်။