စပါး ဝယ်လက်ပျောက်ပြီး ဈေးကျနေလို့ တောင်သူတွေအရှုံးပေါ်

 


မတ် ၁၁ - ၂၀၂၅

စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့  မြန်မာနိုင်ငံမှာ စပါးကို ဝယ်ယူသူမရှိသလောက်ဖြစ်နေတဲ့အပြင် ဈေးကျနေတာကြောင့်  စပါးစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရပြီး ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ 

ပြည်ပဈေးကွက်မှာ ဆန်ဈေးကျဆင်းနေပြီး  ဆန်တင်ပို့မှုလျော့ကျနေကာ ဆန်ကုန်သည်ကြီးတွေက ဆန်ဝယ်ယူမှုတွေ ရပ်ထားတဲ့အတွက် ကုန်သည်ဝယ်လက်တွေကပါ စပါးဝယ်ယူမှုကို ရပ်လိုက်တာကြောင့် စပါးဈေးကွက်ကျပြီး အဝယ်မရှိတဲ့အထိ ဖြစ်နေရတာဖြစ်တယ်လို့သိရပါတယ်။

"export တင်ပို့မှု ခုလဆို တော်တော်လျော့တယ်။ ဆန်အဝယ်မရှိတော့ စပါးအဝယ်ပါ အကုန် ရပ်ကုန်တာပေါ့။တနိုင်ငံလုံး အဝယ်ရပ်နေတာပါ။ လိုအပ်သလောက်လေး ဝယ်တဲ့အခြေအနေ ရှိတယ်။ ဆန်စက်တွေမှာလည်း စပါးတွေပုံနေတယ်။"လို့ ဆန်ကုန်သည်က ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီကစိုက်ပျိုးထွက်ရှိပြီးသိုလှောင်ထားတဲ့မိုးစပါးဈေးကွက်ဆိုရင်  စပါးပေါင် ၅၀ ရှိ တင်း ၁၀၀ ကို သိန်း ၂၀ အောက်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေသလို လက်ရှိနွေစပါးဈေးကွက်ကလည်း တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၅ သိန်းကျပ်သာရှိတဲ့အတွက် တောင်သူတွေမှာ ဒုက္ခရောက်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

စပါးဈေးကျနေပြီး အဝယ်မရှိသလောက်ဖြစ်နေတာကြောင့် တောင်သူအချို့ကတော့ စပါးကို ဆန်အဖြစ် ကိုယ်တိုင်ကြိတ်ခွဲကာ ဆန်ဆိုင်တွေကို တင်ပို့ရောင်းချလာကြသလို ရပ်ရွာတွေမှာပဲ တလဆိုင်းအကြွေးစနစ်နဲ့ ရောင်းချမှုတွေရှိလာကြပါတယ်။

" မိုးစပါးတွေက ဝယ်သူရှားနေတယ်။ဘယ်ပွဲစားကိုအဖေခေါ်ရမှန်းမသိဘူး။မိုးစပါးဝယ်လှောင်ထားတာ ၁၈ သိန်းခွဲလောက်ကျတယ်။အခု ၁၇ သိန်းပဲဝယ်တယ်ဆိုတော့ စပါးတရာကို ၁သိန်းခွဲ ရှုံးနေပြီ။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ ခေတ်မကောင်းလို့ပြေးရရင် အကုန်ထားခဲ့ရမှာ။ စပါးကို သူတို့တော်တော်လေး ထိန်းချုပ်ကြတယ်။ လယ်သမားတွေ လယ်လုပ်ဖို့စဉ်းစားရတော့မယ်။" လို့ ပဲခူးတိုင်း စပါးစိုက်တောင်သူက ပြောပါတယ်။

စိုက်ပျိုးရေးသွင်းအားစုဈေးတွေ မြင့်တက်လာလို့ စပါးစိုက်ပျိုးမှုနဲ့ရိတ်သိမ်းခြွေလှေ့ကုန်ကျမှုစရိတ်တွေ မြင့်တက်လာတဲ့နှစ်မှာမှ စပါးဈေးကွက် ကျဆင်းပြီး အဝယ်ပါပျောက်နေတာကြောင့် တောင်သူတွေမှာ ဆုံးရှုံးမှု ပိုပြီးကြီးမားတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စပါးကိုအဓိကစိုက်ပျိုးတာဖြစ်ပါတယ်။ခုချိန်ထိ စပါးသီးနှံတခုတည်းကိုသာ စီးပွားဖြစ်စိုက်ပျိုးပြီး ရပ်တည်နေတဲ့ တောင်သူတွေ အများအပြား ရှိနေတယ်လို့သိရပါတယ်။
စပါးဈေးကျဆင်းတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဈေးကွက်အကြောင်းသိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ Source: GG (VOM) Voice of Myanmar