ရန်ကုန်၊ မတ် ၈၊ ၂၀၂၅
ကမ္ဘာ့နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကတဆင့် ရွှေရောင်းဝယ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ထံမှ သိရပါတယ်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်ပွဲမှာ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ စာရင်းဇယားပိုင်းမှာ အားနည်းချက်တွေရှိပြီး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားသူတွေကြောင့် ရွှေဈေး မြင့်တက်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်းဝယ်လာတဲ့အခါ မှောင်ခိုအရောင်းအဝယ်တွေ ပပျောက်သွားမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရွှေအရောင်းဆိုင်တွေအနေနဲ့ အရောင်း အဝယ်ပြုလုပ်ရာမှာ သုံးစွဲသူတွေ နစ်နာစေတဲ့ ဝိသမ လောဘနဲ့ ရောင်းဝယ်ခြင်းပြုလုပ်ပါက ဘောင်ချာနဲ့တကွ တိုင် ကြားနိုင်တော့မယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ဆီက သိရပါတယ်။
"အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပေါ့။ ဒီဥပဒေကြောင့် လက်ရှိဝိသမလောဘနဲ့ ရောင်းခြင်း၊ ဝယ်ခြင်း ပြုနေကြတဲ့ ရွှေဆိုင်တွေ တဖြည်းဖြည်း သမာသမတ် ရှိလာမယ်လို့ ယုံကြည်ပါတယ်။ စားသုံးသူနစ်နာမှုတွေကို အထိုက်အလျောက်တော့ လျော့နည်းသွားပါလိမ့်မယ်။ မတရားရောင်းဝယ်တာ၊ အရည်အသွေး စံချိန်စံညွှန်း မမီတာတွေအတွက် ဘောင်ချာနဲ့တကွ တိုင်ကြားလို့ ရနိုင်ပါတယ်" လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မကြာခင်ကာလအတွင်းမှာ လေပတ်ကားတွေနဲ့ ပတ်သက်တာကိုလည်း နိုင်ငံတော်က အရေးယူမှုတွေ ရှိလာမှာဖြစ်ကြောင်းလည်း သိရပါတယ်။
မနေ့က မတ်လ ၈ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင် စ အမေရိကန်ဒေါ်လာ ၂၉၁၁ ဈေးရှိချိန် ဓာတ် သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၄၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။ Source: Global Move Media