တရုတ်ကို သစ်သီးပို့ရာမှာ ထုပ်ပိုးမှုစနစ် ပြောင်းလဲတင်ပို့ရမယ်လို့ ဆို

 

လာမယ့် ဧပြီလ ၁ရက်နေ့ကစပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တရုတ်ပြည်တွင်းကို သစ်သီးတင်ပို့ရာမှာ ဝမ်းပုံစနစ်အစား တစ်လုံးချင်း ဒါမှမဟုတ် တစ်စုချင်း ထုတ်ပိုးမှု Packing စနစ်နဲ့ ပြောင်းလဲ တင်ပို့ရမယ်လို့ နယ်စပ်သစ်သီးဝလံပွဲရုံတွေကနေ သိရပါတယ်။

တရုတ်ပြည်တွင်းကို တင်သွင်းလာတဲ့သစ်သီးတွေကို ဝမ်းအတွင်း စုပုံသယ်ဆောင်တဲ့ ဝမ်းပုံစနစ်နဲ့ တင်သွင်းတာကို ဧပြီလ ၁ ရက်နေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ တရုတ်နိုင်ငံ တာလော့အကောက်ခွန်ဌာနက ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဖရဲနဲ့သခွားမွှေးတွေကို မိုင်းလားနယ်စပ်ကနေ တရုတ်နိုင်ငံ၊ တာလော့ကို ဝမ်းပုံစနစ်နဲ့ တင်ပို့ နေပြီး မကြာခင်ကာလမှာ သရက်သီးတွေကို စတင်တင်ပို့တော့မှာ ဖြစ်ပါတယ်။  

အခုလို စနစ်ပြောင်းလဲလိုက်တဲ့အတွက် ဖရဲသီးအလုံးတစ်ထောင်ကျော်ဆံ့ ကားတစ်စီးအတွက် ကုန်ကျစရိတ်က ကျပ် သိန်း ၃၀ ပတ်ချာလည်လောက် ပိုတိုးလာနိုင်တယ်လို့ ဖရဲစိုက်တောင်သူတစ်ယောက်က ပြောပါတယ်။  

တရုတ်နိုင်ငံဘက်က သစ်သီးတင်သွင်းတာနဲ့ပတ်သက်ပြီး မူဝါဒတွေ အမြဲပြောင်းလဲနေတဲ့အတွက် ပို့ကုန်သမား တွေမှာ အခက်အခဲတွေရှိတယ်လို့ နယ်စပ်ကုန်သည်တချို့က ပြောပါတယ်။

လက်ရှိမှာ တရုတ်ဘက်က ကန့်သက်ချက်များပြီး ကြန့်ကြာတာကြောင့် တရုတ်ဘက်ကို ဝင်ရောက်ဖို့အတွက် မြန်မာဘက်ခြမ်းမှာ ဖရဲကားအစီးရေ အများအပြား တန်းစီစောင့်ဆိုင်းနေကြရပါတယ်။ 

ဒါ့အပြင် အခုလို ရာသီ ဥတုပူပြင်းချိန်မှာ လမ်းခရီးကြန့်ကြာတဲ့အတွက် တရုတ်နိုင်ငံဘက်က ဖရဲရောင်းကွင်း ရောက်ရင် အသီး အရည် အသွေးတွေ ကျဆင်းပြီး ဈေးကောင်းမရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲအရောက် သခွားမွှေးတစ်ကီလိုကို အရည်အသွေးအလိုက် ၄ ယွမ် ကနေ ၅ ယွမ်လောက် ဈေးရရှိနေပြီး ဖရဲကတော့ ၁၅ တန်အောက်ကားတစ်စီးကို ယွမ် ၃ သောင်းကနေ ၆ သောင်းလောက် အထိ ရရှိနေတယ်လို့ သိရပါတယ်။ Source: One News