ရန်ကုန်၊ မတ် ၂၁၊ ၂၀၂၅။
ပြည်တွင်းပြောင်းဈေးကွက်အတွင်း ပြောင်းဆံဈေး အနည်းငယ်မြင့်တက်လာပြီး၊ ဈေးဆက်တက်နိုင် ခြေရှိတယ်လို့ ပြောင်းကုန်သည်တွေက ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းဆံတစ်ပိဿာ ကျပ် ၁၆၉၀ ဈေးရှိပြီး၊ အခုအချိန်မှာတော့ ပြောင်းဆံ တစ်ပိဿာ ကျပ် ၁၇၂၀ အထိ ရှိလာပါတယ်။
"ပြောင်းက အခါတိုင်းနှစ်ထက်အထွက်နည်းတယ်။ နိုင်ငံတကာပြောင်းဈေးကွက်မှာလည်း ပြောင်းလိုအပ်ချက် ရှိတော့ ဈေးက လတ်တလော တက်လာတယ်။ ဈေးဆက်တက်နိုင်ခြေလည်း ရှိတယ်။ ဒါပေမယ့် လှောင်ကုန်သမားတွေအနေနဲ့ အများကြီး လှောင်မထားသင့်ဘူး။ အထူးသဖြင့် တောင်ပေါ် ဒေသက ထွက်တဲ့ ပြောင်းဆံတွေပေါ့။ လက်ရှိအနေ အထားနဲ့ ပြောရင် ထိုင်းဝယ်လက်တွေက ဧရာဝတီတိုင်းက ထွက်တဲ့ပြောင်းကိုပဲ ဝယ်ချင်တယ်လို့ ပြောတယ်" လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ ဦးတိုးတက်နိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခွန်ကင်းလွတ်ခွင့်နဲ့ ထိုင်းနိုင်ငံကို ပြောင်းတွေ တင်ပို့ခွင့်ရရှိခဲ့ပေမယ့် ပြောင်းစိုက်တောင်သူတွေ မျှော်မှန်းခဲ့သလို ပြောင်းဈေး တက်မလာပေမယ့် အခုလထဲမှာတော့ တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။
အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းစတင် တင်ပို့ချိန်က တောင်ပေါ်ပြောင်းကို အရှေ့တောင်အရှတွင် အကြီးမားဆုံး ဈေးကွက်ရရှိထားတဲ့ကုမ္ပဏီကြီးက ပြောင်းစိုက်ချိန် မြေယာစနစ်ကြောင့် တရားဝင်ဝယ်ယူဖို့ ခက်ခဲတာကြောင့် တင်ပို့နိုင်မှုနည်းပါးသလို ဈေးအေးခဲ့တယ်လို့ သိရပါတယ်။
" အဓိက ပြောင်းစိုက်ဖို့ မြေပြုပြင်ဖို့စတင်ချိန်မှာ ပြောင်းခင်းဟောင်းနဲ့ ပေါင်းပင်တွေ ရှင်းလင်းဖို့ မီးရှို့ကြတယ်။ အဲတာက လေထုညစ်နွမ်းမှု့နဲ့ သက်ဆိုင်နေလို့ မီးရှို့တဲ့ ပြောင်းစိုက်ခင်းကနေ ထွက်ရှိလာတဲ့ ပြောင်းဆံတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ တိရိစ္ဆာန်အစာစပ် အစာအိတ်တွေ၊ နောက်အဲဒီအစာကျွေးထားတဲ့ အသားတွေကို နိုင်ငံတကာမှာ မသုံးစွဲ၊ မစားသုံးဖို့ ဆုံးဖြတ်ချက် ရှိထားတယ်။ ဒါကို သတိပြုဖို့ လိုအပ်ပါတယ် " လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်စတဲ့ တောင်ပေါ်ဒေသတွေမှာ ပြောင်းလက်ကျန် ကုန်သလောက်နီးပါး ဖြစ်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းအသစ်တွေ စတင်ထွက်ရှိနေတယ်လို့ သိရပါတယ်။
ပြောင်းအဝယ်ဒိုင်တွေရဲ့ ဝယ်ရင်းဈေးက ပြီးခဲ့တဲ့နှစ်က အပိတ်ဈေးကို အခုမှ မှီရုံသာရှိပြီး၊ ဈေးဆက်တက်မှ ပြောင်းတောင်သူတွေအတွက် အကျိုး အမြတ်ရှိနိုင်မယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်သူတွေက ဆိုပါတယ်။ Source: Global Move Media