ဘဏ္ဍာနှစ်ကုန် ပဲစင်းငုံဈေးကွက် ရေတိုအလားအလာ

 


 25.3.2025
Current Content Presents

အိန္ဒိယ ပဲလုပ်ငန်းအသင်းရဲ့ အပတ်စဉ်သတင်းလွှာမှာ ဖော်ပြချက်အရ အခုလို ဘဏ္ဍာနှစ်ကုန်ခါနီးကာလမှာ အရောင်းအဝယ်တွေ ထိုင်းနေတာကြောင့် ပဲစင်းငုံဈေးလည်း ခပ်အေးအေးပဲ ဆက်သွားနိုင်တယ်လို့ ဆိုပါတယ်။

အရင်အပတ်ကတော့ ဈေးကွက်ထဲကို ပဲအဝင် နည်းတာ၊ အိန္ဒိယအစိုးရက တောင်သူတွေဆီ ပဲစင်းငုံကို အရှိန် တိုးမြှင့် ဝယ်ယူနေတာနဲ့ ပဲခွဲစက်တွေက လိုသလောက် ဝယ်ယူခဲ့တာတွေကြောင့် ပဲစင်းငုံဈေး တက်ခဲ့ပါတယ်။ 

ဒါပေမဲ့ ပဲစင်းငုံခွဲခြမ်းကို ဝယ်လိုအား နည်းနေတာနဲ့ တခြားအစားထိုးပဲတွေ ရှိနေတာကြောင့် ပဲခွဲစက်တွေက ပဲစင်းငုံဈေး မြင့်လာတာနဲ့ အဝယ်ပြန်နှေးသွားတယ်လို့ ဆိုပါတယ်။ 

အခု ဘဏ္ဍာနှစ်ကုန် စာရင်းပိတ်ချိန်မှာ ပဲခွဲစက်နဲ့ကုန်သည်တွေ အလုပ်များနေတာကြောင့် အရောင်းအဝယ် ပါးပြီး ပဲစင်းငုံဈေးလည်း ရေတို ဆက်အေးနေမယ်လို့ ခန့်မှန်းကြပါတယ်။

ပြီးတော့ နွေရာသီမှာ ပဲစင်းငုံအစားနည်းပြီး သရက်သီးပေါ်ချိန်လည်း ရောက်လာပြီဖြစ်လို့ ပဲစင်းငုံခွဲခြမ်းကို အဝယ် ဆက်အေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိပေါက်ဈေးထက် ကျလာရင်တော့ ဈေးကွက်ထဲကို ပဲစင်းငုံတွေ အဝင်နည်းသွားနိုင်ပါတယ်။

ပဲစင်းငုံဈေး ပြန်တက်၊ မတက်ကတော့ အိန္ဒိယအစိုးရရဲ့ ဝယ်ယူရေးအစီအစဉ် ဖြစ်မြောက်မှု အရှိန်အဟုန်နဲ့ မြန်မာနိုင်ငံကနေ ပဲစင်းငုံတင်သွင်းမှုအပေါ်မှာ မှီတည်နေမယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာ ဆူဒန်က ပဲစင်းငုံကို ဈေးအနိမ့်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

ဒီသတင်းလွှာထုတ်ပြန်ချက်အရ ပဲစင်းငုံဈေးဟာ ရေတိုမှာ ဆက်အားနည်းနိုင်ပြီး သိသာမြင်သာ ပြန်တက်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်ရပါတယ်။ မြန်မာပြည်တွင်း ပဲစင်းငုံဈေးက မနှစ်ကနဲ့စာရင် နိမ့်နေဆဲဖြစ်ပါတယ်။ ဒီသတင်းကို Current Content နဲ့ Market Beat က အတူ တင်ဆက်ပါတယ်၊ ပြန်ကူးတင်ခွင့် မပြုပါ။