မတ်ပဲ အခွန်လွတ်တင်သွင်းခွင့်ကို အိန္ဒိယအစိုးရ သက်တမ်း ထပ်တိုးနိုင်

 


အိန္ဒိယအစိုးရအနေနဲ့ မတ်ပဲ အခွန်လွတ် တင်သွင်းခွင့်ကို မတ်လ ၃၁ နောက်ပိုင်းမှာ ခွင့်ပြုပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ ဒီကိစ္စနဲ့ဆက်စပ်တဲ့ တာဝန်ရှိသူ ၂ ဦးက ထုတ်ဖော် ပြောဆိုလာပါတယ်။

တလောတုန်းက ပဲစင်းငုံ အခွန်လွတ်တင်သွင်းခွင့်ကို ၂၀၂၆ ၊ မတ်လကုန်အထိ သက်တမ်းတိုးခွင့်ပြုကြောင်း ကြေညာခဲ့ပေမဲ့ အရင်နှစ်ကလို မတ်ပဲကိုလည်း တပါတည်း ခွင့်ပြုကြောင်း မကြေညာဘဲ ချန်ထားခဲ့ပါတယ်။

အိန္ဒိယပြည်တွင်းမှာ မတ်ပဲစိုက်ပျိုးထွက်ရှိမှု တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် တောင်ပိုင်းသားတွေ အကြိုက် ဖြစ်တဲ့ မတ်ပဲကို ပြည်ပကနေ အခွန်လွတ် ဆက်လက် တင်သွင်းခွင့် ပေးနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မတ်ပဲနှစ်စဉ် ထုတ်လုပ်မှုဟာ ၂၀၂၁/၂၂ မှာ တန်ချိန် ၂.၇ သန်း ရှိခဲ့ရာက ၂၀၂၂/၂၃ မှာ တန်ချိန် ၂.၆ သန်း၊ ၂၀၂၃/၂၄ မှာ တန်ချိန် ၂.၃ သန်းကို တဖြည်းဖြည်း လျော့နည်းလာပါတယ်။ တချိန်တည်းမှာ စားသုံးမှုက တိုးလာတာကြောင့် အရောင်းပြတ်ပြီး ဈေးတက်လာနိုင်ခြေလည်း ရှိနေပါတယ်။

အစိုးရအနေနဲ့ အခွန်လွတ်စနစ်နဲ့ တင်သွင်းခွင့်ပြုနေကျ စားသောက်ကုန်တွေကို ပြန်လည်သုံးသပ်မှု လုပ်နေပြီး အဲဒီထဲမှာ မတ်ပဲလည်း ပါဝင်နေတယ်လို့ ဒီသတင်းနဲ့ နီးစပ်သူက ပြောပါတယ်။

မတ်ပဲသီးနှံကို အိန္ဒိယမှာ ရာသီသုံးပါးစလုံး စိုက်ပေမဲ့ မိုးတွင်းမှာ အများဆုံး စိုက်ပါတယ်။ မနှစ်က မိုးတွင်းမှာ မတ်ပဲစိုက်ဧရိယာက ဟက်တာ ၃ သန်း ရှိခဲ့ပြီး ၂၀၂၃ စိုက်ဟက်တာ ၃.၂ သန်းနဲ့ယှဉ်ရင် လျော့ကျခဲ့ပါတယ်။

ဒီသတင်းပေါ် မူတည်ပြီးတော့ အိန္ဒိယရဲ့ မတ်ပဲစိုက်ပျိုးထွက်ရှိနိုင်မှု အခြေအနေနဲ့ တင်သွင်းခွင့် ဆက်ပေးမယ့် အလားအလာတွေကို အကဲခတ်ကြည့်နိုင်ပါတယ်။ (ဒီလိုသတင်းတွေ အမြဲသိနိုင်ဖို့ ကျွန်တော်တို့ Market Beat နဲ့ CC Media page တွေကို Follow လုပ်ထားဖို့ လိုပါလိမ့်မယ်)