နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုး အားပျော့လာပြီး ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးနား ဆက်ရှိနေ

 


24.2.2025
Current Content Presents

ဒီနေ့ ဖေဖော်ဝါရီ ၂၄ (တနင်္လာနေ့) ဈေးစဖွင့်ရက်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၉၄၀ ဒေါ်လာဝန်းကျင် ရှိနေပြီး အမြင့်ဆုံးစံချိန်ဖြစ်တဲ့ ၂၉၅၄ ဒေါ်လာနဲ့ မလှမ်းမကမ်းမှာ ဆက်လက် ရပ်တည်နေပါတယ်။ 

နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့နေတာနဲ့ ဒီသီတင်းပတ်နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ငွေဖောင်းပွမှုအစီရင်ခံစာတွေကို စောင့်ကြည့်နေကြတာကြောင့် ဒီနေ့ ဈေးပြန်ဖွင့်တဲ့ ရက်မှာ ကမ္ဘာ့ရွှေဈေး ဆက်မာနေပြီး ဒေါ်လာကတော့ တခြားငွေကြေးတွေနဲ့ယှဉ်ရင် ကျဆင်းလာပါတယ်။ 

အရင်အပတ်တည်းက အမေရိကန်စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့ စိတ်ပျက်စရာတွေပဲ ထွက်ပေါ်ခဲ့တာနဲ့ ကမ္ဘာ့ကုန်သွယ်ရေး မတည်ငြိမ်မှုတွေကြောင့် ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးက နောက်ထပ် အမြင့်ဆုံးစံချိန်သစ်တွေ ထပ်တင်နိုင်တယ်လို့ မှန်းဆနေကြပါတယ်။

ဒီနေ့ နိုင်ငံတကာငွေကြေးဈေးကွက်မှာ ဒေါ်လာတန်ဖိုး ဝ.၅ % ကျလာပြီး ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်လာတဲ့အတွက် တဖက်မှာ အာရှငွေကြေးတွေက သီတင်းပတ်များစွာအတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကနေဒါနဲ့ မက္ကဆီကိုအပေါ် အခွန်စည်းကြပ်မှုတွေ ရွှေ့ဆိုင်းခဲ့တဲ့ ဒီလဆန်းနောက်ပိုင်းမှာ ထရမ့်ရဲ့အခွန် ခြိမ်းခြောက်မှုတွေက ဒေါ်လာကိုင်ဆောင်မှုအပေါ် ထိပါးလာတဲ့အတွက် အဲဒီတည်းက ဒေါ်လာတန်ဖိုးဟာ ၃.၄ % ကျဆင်းနေတာ ဖြစ်ပါတယ်။ Current Content က ဘာသာပြန် တင်ပြပါတယ်။ Ref: Reuters