ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာ့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂.၂ သန်းကျော် တင်ပို့

 


 အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီကနေ ဇန်နဝါရီအထိ ၁၀ လအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂၂၄၄၂၅၅ တင်ပို့ထားပြီး ကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိထားပြီလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတင် ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂၀၉,၅၈၅ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၈ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် MRF  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဆန်တင်ပို့မှု အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုက လျာထားချက် တန်ချိန် ၂.၅ သန်းထက်တောင် ကျော်လွန်နိုင်မယ်လို့ ဆိုပါတယ်။ 

လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိပ်တန်းတင်ပို့သူ ဖြစ်တဲ့ အိန္ဒိယက သူ့ပို့ကုန်ဆန်တွေကို ဈေးချရောင်းနေပြီး အိန္ဒိယနည်းတူ တခြားဆန်တင်ပို့တဲ့နိုင်ငံတွေကလည်း ဈေးလျှော့ရောင်းနေတာကြောင့် မြန်မာ့ဆန်တင်ပို့ရာမှာ အခက်အခဲ ရှိနေပေမဲ့ မျှော်မှန်းပမာဏကိုတော့ ပြည့်မီနိုင်မယ်လို့ သိရပါတယ်။

မြန်မာ့ဆန်ကို ပြည်ပတင်ပို့မှုရာမှာ ပင်လယ်ရေကြောင်းကသာ အဓိကတင်ပို့နေရပြီး နယ်စပ်လမ်းကြောင်းတင်ပို့မှုကတော့ ရပ်တန့်နေပါတယ်။ Source: MRF