21.2.2025, Current Content
ဒီအပတ် အာရှဆန်ဈေးကွက်မှာ ဗီယက်နမ်ပို့ကုန်ဆန်ဈေးက ရောင်းအား ပိုလျှံတာနဲ့ ဝယ်အား နှေးနေတာတွေကြောင့် ၃ နှစ်ကျော်အတွင်း အနိမ့်ဆုံးထိ ထိုးဆင်းလာပြီး အိန္ဒိယပို့ကုန်ဆန်ဈေးကလည်း ၁၉ လအတွင်း အနိမ့်ဆုံးမှာ ရပ်တည်နေပါတယ်။
ဗီယက်နမ် ၅ မှတ် ဆန်ဈေးက တစ်တန်ကို ၃၈၀ - ၃၉၀ ဒေါ်လာနဲ့ ဈေးဖွင့်ထားတာကြောင့် ဒီဈေးက ၂၀၂၁၊ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံး ဖြစ်နေပြီး အရင်အပတ်ဈေး ၃၉၇ ဒေါ်လာထက်လည်း လျော့နည်းနေပါတယ်။
အခုလို ဗီယက်နမ်ဆန်ဈေး အကျ ကြမ်းနေတာကြောင့် ကျဈေး စောင့်ဝယ်ချင်တဲ့ ဖိလစ်ပိုင်က မကြာခင်မှာ ဆန်အဝယ် ပြန်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဖိလစ်ပိုင်ဟာ ဗီယက်နမ်ဆန်ကို အများဆုံးဝယ်သွင်းနေတဲ့ အဓိက ဖောက်သည် ဖြစ်ပါတယ်။
ဒီအပတ်မှာ ဗီယက်နမ်ဆန်ဈေး ထိုးကျနေသလို အိန္ဒိယ ၅ မှတ် ပေါင်းဆန်ဈေးကလည်း တစ်တန်ကို ၄၁၆ - ၄၂၅ ဒေါ်လာဝန်းကျင်သာ ရှိနေတာကြောင့် ၂၀၂၃၊ ဇွန်လနောက်ပိုင်း အနိမ့်ဆုံးဈေးတန်းမှာ ဆက်ရှိနေပါတယ်။ ၅ မှတ် ရိုးရိုးဆန်ဈေးကတော့ ၃၉၅ - ၄၀၅ ဒေါ်လာဝန်းကျင်မှာ ရှိနေပါတယ်။
ဗီယက်နမ်မှာ ဆန်သစ်တွေ အမြောက်အများ ပေါ်လာတော့မှာမို့လို့ အိန္ဒိယဆန်ကို ဝယ်လိုအား နည်းနေပြီး စံချိန်တင် ကျနေတဲ့ ရူပီးတန်ဖိုးကြောင့်လည်း ဆန်တင်ပို့သူတွေ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ၅ မှတ် ဆန်ဈေးကို တစ်တန် ဒေါ်လာ ၄၂၀ ဝန်းကျင်နဲ့ ဈေးဖွင့်ထားပြီး အရင်အပတ်ဈေး ၄၁၅ - ၄၂၀ ဒေါ်လာနဲ့ သိပ်မကွာဘဲ တည်ငြိမ်နေပါတယ်။
ဒါပေမဲ့ အိန္ဒိယဘက်က တင်ပို့မှုတွေနဲ့ ဗီယက်နမ်က ဆန်ရောင်းအားတွေကြောင့် ထိုင်းဆန်ဈေးကွက်မှာ ဖိအား များနေတယ်လို့ ကုန်သည်တွေက ပြောဆိုပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဆီက အဝယ်လည်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။ Current Content က ဘာသာပြန်တဲ့သတင်း ဖြစ်ပါတယ်။