ရွှေလုပ်ငန်းရှင်တွေအနေနဲ့ အရောင်းအဝယ်လုပ်ရာမှာ မရိုးဖြောင့်တဲ့သဘောနဲ့ ကံစမ်းမဲတွေ ပေးပြီး ဈေးတက်နိုင်တဲ့အလားသဏ္ဍာန်ဆောင်တဲ့ နည်းလမ်းတွေနဲ့ ရောင်းဝယ်ခြင်း မပြုကြဖို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA) က မနေ့က အသိပေး ထုတ်ပြန်ပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မနှစ်က အောက်တိုဘာ ၂၅ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်မှာ အဲဒီလို ဖော်ပြထားတယ်လို့ (FMGEA) က ဆိုပါတယ်။
ဒါ့ကြောင့် မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ တိုင်းနဲ့ ပြည်နယ်တွေက ရွှေလုပ်ငန်းရှင်တွေအပါအဝင် တစ်နိုင်ငံလုံးက ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာကို တိတိကျကျ လိုက်နာကျင့်သုံးဆောင်ရွက်ကြဖို့ (FMGEA) အသင်းချုပ်က အသိပေးထားပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ မနှစ်က အောက်တိုဘာ ၂၅ ရက်တည်းက ရွှေရောင်းရွှေဝယ်ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ရွှေလုပ်ငန်းလိုင်စင်တွေကို ပြန် လျှောက်ဖို့ နဲ့ လိုင်စင် မလျှောက်သူတွေကို အရေးယူဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အခုတလောမှာ ကမ္ဘာ့ရွှေဈေး တဟုန်ထိုး စံချိန်တင် မြင့်တက်နေတဲ့အရှိန်ကြောင့် ပြည်တွင်းရွှေဈေးတွေလည်း တက်ရိပ်ပြနေပြီး ပြင်ပအခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၆၇ သိန်းကျော် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ထုတ်ပြန်တဲ့ဈေးကတော့ ကျပ် ၅၅ သိန်းသာ ရှိနေပါတယ်။