28.2.2025
Current Content Presents
နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းလာတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးက နှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။
ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၈၆၀ ဒေါ်လာဝန်းကျင်အထိ ထိုးကျနေပြီး ဒီလဆန်းနောက်ပိုင်း အနိမ့်ဆုံး ဖြစ်နေပါတယ်။ အရင်အပတ်တုန်းက ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက်အမြင့်ဆုံးစံချိန် ဖြစ်တဲ့ ၂၉၅၆ ဒေါ်လာကျော်အထိ တက်ခဲ့ပြီးမှ အခု တဟုန်ထိုး ပြန်ကျနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ရွှေဈေး ပြန်ထိုးဆင်းနေတာဟာ ခဏတာ နောက်ပြန်ဆုတ်တဲ့သဘောသာ ဖြစ်ပြီး တက်ဈေး အရောက်မှာ အမြတ်ယူပြန်ရောင်းသူတွေကြောင့်သာ ဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေး ပြန်ထိုးဆင်းလာတဲ့အတွက် မြန်မာပြည်တွင်း အခေါက်ရွှေဈေးကလည်း အရင်ရက်တွေတုန်းက တစ်ကျပ်သားကို ကျပ် ၆၇ သိန်း ၄ သောင်းအထိ ရောင်းဈေးတင်ခဲ့ရာက ဒီနေ့မှာ ကျပ် ၆၆ သိန်းနဲ့ ၆၆ သိန်း ၅ သောင်းကြားကို ပြန်ကျနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Current Content က တင်ပြပါတယ်။