တက်မလိုနဲ့ ပြန်အေးနေတဲ့ မတ်ပဲဈေး ဘယ်ကို ဆက်သွားမလဲ

 


28.2.2025
Current Content Presents

 ပြီးခဲ့တဲ့အပတ်က တောက်လျှောက် တက်ခဲ့တဲ့ ပြည်တွင်းမတ်ပဲဈေးဟာ ဒီအပတ်မှာ ပြန်လည်ကျဆင်းနေပြီး အတက်အကျ ခပ်ပါးပါးနဲ့ ဆက်သွားနေတာ တွေ့ရပါတယ်။

အရင်အပတ်က မတ်ပဲ Raw (သုံးတင်း) ဈေးဟာ ကျပ် ၂၉၀၀၀၀ ကို ဖြတ်တက်ပြီး အမြင့်ဆုံး ၂၉၇၅၀၀ ထိ တက်ခဲ့ပေမဲ့ ဒီအပတ်မှာ ၂၉၃၅၀၀ ဈေးကို ပြန်ကျနေပြီး ဒိနေ့ ဖေဖော်ဝါရီ ၂၈ မှာ ၂၉၅၅၀၀ ကျပ်ကို မြင့်လာပြန်ပါတယ်။

ဒါပေမဲ့ အရင်အပတ်က ရောက်ခဲ့တဲ့ အမြင့်ဆုံးဈေး ၂၉၇၅၀၀ ကျပ်ကို ပြန်မမီသေးဘဲ ကျပ် ၃၀၀၀၀၀ ဈေးကို မမျှော်ရဲသေးဘဲ ဖြစ်နေပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်က ပြည်ပပို့ မတ်ပဲ FAQ ဈေးနှုန်းကလည်း အရင်အပတ်က တစ်တန် ကျပ် သိန်း ၃၀ အပေါ် တက်ခဲ့ရာက အခု သိန်း ၃၀ အောက် ပြန်ကျနေပါတယ်။

မတ်ပဲဈေး အတက်ရပ်ပြီး အကျဘက် ပြန်လှည့်နေတာ မှန်ပေမဲ့ ဈေးတန်းက ဆက်တိုက် ကျဆင်းသွားတာမျိုး မဟုတ်သေးဘဲ ပြန်တက်နေတာမျိုးလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် မတ်ပဲ Raw ကို အနိမ့်ဆုံး ၂၉၀၀၀၀ ကျပ် နဲ့ အမြင့်ဆုံ ၂၉၇၅၀၀ ကျပ်ကြား လှုပ်ရှားနေတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်လို့သာ မတ်ပဲ Raw ဈေးက မတ်လပထမပတ်အတွင်း ကျပ် ၃၀၀၀၀၀ ဈေးအထိ တက်လာမယ်ဆိုရင် အတက်လမ်းကြောင်း စတင် ဖြစ်တည်လာနိုင်ပြီး ၂၉၀၀၀၀ အောက် ကျလာမယ်ဆိုရင်တော့ အကျဘက်ကို ပိုပြီး အလေးသာသွားနိုင်ပါတယ်။

အိန္ဒိယမှာ မတ်လအတွင်း ရာသီအလိုက် ပါပလာထုတ်လုပ်မှု များလို့ မတ်ပဲဝယ်လိုအား တိုးတက်လာနိုင်ပေမဲ့ ဆောင်းမတ်ပဲနဲ့ မြန်မာမတ်ပဲတွေ ပုံမှန် ဝင်နေတာကြောင့် မတ်ပဲဈေး အရမ်း မတက်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာဘက်က မတ်ပဲတင်ပို့သူတွေရဲ့အရောင်းဗျူဟာ (ထိန်းရောင်းမလား၊ လွှတ်ရောင်းမလား) ဆိုတဲ့ ပေါ် မူတည်ပြီး မတ်ပဲဈေးကွက် အတက်အကျ ဖြစ်ပေါ်လာမယ်လို့ အိန္ဒိယဘက်က သုံးသပ်ထားပါတယ်။ ဒီသတင်းကို Current Content က တင်ဆက်ပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။