အရင်အပတ်တည်းက အကျဘက် ဆက်တိုက် ဆင်းနေတဲ့ အိန္ဒိယနိုင်သုံး ရူပီးငွေတန်ဖိုးဟာ အခုအပတ်အစမှာ အနိမ့်ဆုံးစံချိန်သစ်ကို ထပ်ရောက်လာပြီး အမေရိကန်တစ်ဒေါ်လာကို ၈၈ ရူပီးနားထိ ကျလာပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စတီးနဲ့ အလူမီနီယတွေအပေါ် အခွန် ၂၅ % အထိ ကောက်ခံမယ့် အစီအစဉ်ကို ကြေညာခဲ့တဲ့နောက် ရူပီးတန်ဖိုး ထိုးဆင်းလာတာ ဖြစ်ပြီး အိန္ဒိယဗဟိုဘဏ်က လှိမ့်ဆင်းနေတဲ့ရူပီးတန်ဖိုးကို ကြားဝင်ထိန်းကျောင်းမယ့်သတင်းတွေ ထွက်ပေါ်နေပါတယ်။
အခုလို ရူပီးငွေတန်ဖိုး ထိုးကျနေတာကြောင့် ပြည်ပသွင်းကုန် (ပဲမျိုးစုံ) ဈေးတွေ ကြီးမြင့်လာနိုင်ပြီး ပြည်တွင်းမှာ ရောင်းအား များ၊ အဝယ်ပါးလို့ ဆက်တိုက် ကျဆင်းနေတဲ့ ပဲဈေးကွက်ကို အထောက်အကူပြု၊ ထိန်းပေးနိုင်မယ် လို့ ဆိုပါတယ်။
အိန္ဒိယမှာ ဆောင်းမတ်ပဲသစ်တွေ ပေါ်လာတာ၊ မြန်မာကနေ မတ်ပဲတွေ တောက်လျှောက် တင်သွင်းနေတာနဲ့ ပဲခွဲစက်တွေက လိုသလောက် ထိန်းဝယ်နေတာတွေကြောင့် မတ်ပဲဈေးကွက်မှာ ဖိအား ဆက်ရှိနေပါတယ်။
ဒါပေမဲ့ လတ်တလော ရူပီးငွေတန်ဖိုး ကမောက်ကမ ဖြစ်နေတာနဲ့ ရာသီအလိုက် ပါပလာထုတ်လုပ်မှုကလည်း ရှိနေတာကြောင့် မတ်ပဲဈေးကွက်က အကျချည်း မသွားဘဲ အတက်အကျ လှုပ်ရှားမှုတွေ ဆက်ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာပြည်တွင်းမှာလည်း အရင်အပတ်က အကျချည်း များခဲ့တဲ့ မတ်ပဲဈေးဟာ ဒီအပတ်မှာ ဈေးအကျချည်းပဲ မသွားတော့ဘဲ Raw ဈေးဆိုရင် ကျပ် ၂၉၀၀၀၀ က အမာခံဈေးတန်းလို ဖြစ်လာတာ တွေ့ရပါတယ်။
ဒါပေမဲ့ အရင်လို ဈေးအများကြီး ပြန်တက်ဖို့ကတော့ သိပ်မလွယ်သေးဘူးလို့ မြင်ပါတယ်။ Market Beat က တင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။