ကြက်သွန်အသစ်တွေ ပေါ်လာပြီး ရန်ကုန်ဈေးကွက်ကို ကားအဝင်များနေတာကြောင့် ဒီရက်ပိုင်းအတွင်း ကြက်သွန်နီဈေးတွေ ကျလာတယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၆ မှာ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို နယ်ကနေ ကြက်သွန်နီကားအစီးရေ ၃၂ စီး ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီအမျိုးအစားအားလုံးကို ဈေးချရောင်းခဲ့ရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။
“ကုန်စည်ဒိုင်တွေမှာ ကားများရင် ဈေးကျနိင်ပါတယ်။ ကြက်သွန်ဈေးတက်ဖို့ထက် စိုက်တောင်သူတွေ အရင်းမရှုံးအောင် ရောင်းတတ်ဖို့ အဓိကပါ၊ ပစ္စည်းကောင်း အရည်အသွေးကောင်း၊ တူးဖေါ်ရောင်းမှ ပြည်တွင်း၊ပြည်ပ ကုန်သည်များ ဈေးမကစားရဲမှာ" လို့ ဘုရင့်နောင်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။
အရင်အပတ်နဲ့ ယှဉ်ရင် ဘုရင့်နောင်ဒိုင်မှာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀ ကနေ ၅၀၀ ဝန်းကျင်အထိ ဈေးကျနေပြီး ကြက်သွန်ကားအစီးရေ အဝင်ဆက်များနေရင် ဈေးထပ်ကျနိုင်တယ်လို့ ဆိုပါတယ်။
ဒ့ါကြောင့် နယ်ကကြက်သွန်နီတောင်သူကြီးတွေနဲ့ နယ်ကုန်သည်တွေ ရန်ကုန်ကို ကြက်သွန်နီတင်ပို့မှု ထိန်းပြီးဆောင်ရွက်မှသာ ဈေးတန်းအတက်ဘက်ကို ပြန်ရောက်လာနိုင်တယ်လို့သိရပါတယ်။
"တောင်သူကဈေးမကြိုက်လို့အရောင်းရပ်မှ ဈေးတန်းပြန်ဦးမော့လာမယ်။ တောင်သူကြီးများ ထိန်းရောင်းပါ၊ နယ်ကုန်သည်တွေရန်ကုန်ပွဲစားနဲ့ ညှိနှိုင်းပြီး ကားတင်မှ တောင်သူ အရင်းမပြုတ်သလို ကုန်သည်လည်း ဘဝမပျက်မှာပါ။ ကားဝင်များရင် ဈေးကျပြီး အရောင်းအဝယ် သွက်တယ်။ ကားဝင်နည်းရင် ဈေးတက်တယ်။ ကားတင်ထိန်းရင် ဈေးပြန် ဆွဲတင်လို့ ရမယ်" လို့ ကြက်သွန်ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဈေးကွက်ထဲကို မိုးကြက်သွန်နီအသစ်တွေ ဝင်ရောက်နေပြီး နွေကြက်သွန်နီအသစ်တွေကတော့ နယ်ဈေးကွက်ကိုသာ အနည်းငယ်ဝင်ရောက်မှုရှိနေပါတယ်။
ကြက်သွန်နီကို အရောင်းအသွေးကောင်းပြီး အလုံးချောသန့်ပါက ပြည်ပက ဝယ်လိုအားကောင်းတာကြောင့် တောင်သူတွေအနေနဲ့ နွေကြက်သွန်တွေကို သိုလှောင်ပြီး ထိန်းရောင်းကြဖို့ ကုန်သည်တွေက အကြံပြုထားပါတယ်။ Source : AMIA News