23.2.2025
Current Content Presents
ဒီအပတ် (ဖေဖော်ဝါရီတတိယပတ် - ၂၀၂၅) မှာ ရန်ကုန်၊ ဘုရင့်နောင်ဒိုင်က ပြည်ပပို့ကုန်တွေ ဖြစ်တဲ့ မတ်ပဲ FAQ နဲ့ ပဲစင်းငုံနီ RC ဈေးတွေက တစ်တန်ကို ကျပ် သိန်း ၃၀ အထက် ပြိုင်တူ မြင့်တက်လာပါတယ်။
ပဲစင်းငုံနီက တစ်တန် ကျပ် သိန်း ၃၀ အပေါ်ကို အရင် ရောက်ခဲ့တာ ဖြစ်ပြီး မတ်ပဲကတော့ နောက်ပိုင်းရက်မှ ကျပ် သိန်း ၃၀ အပေါ်ကို မြင့်တက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလနှောင်းပိုင်းက ပဲစင်းငုံနီဈေးဟာ ကျပ် သိန်း ၃၀ အောက် စတင် ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ မတ်ပဲဈေးကပါ ကျပ် သိန်း ၂၉ သိန်းနားအထိ ကျခဲ့ပေမဲ့ တစ်လမကြာခင်မှာပဲ ကျပ် သိန်း ၃၀ အပေါ်ကို ပြန်တက်နိုင်ခဲ့ပါတယ်။
မြန်မာမတ်ပဲ၊ ပဲစင်းငုံရဲ့အဓိကဝယ်လက် ဖြစ်တဲ့ အိန္ဒိယမှာ ပြည်တွင်း၊ ပြည်ပပဲတွေ အဝင် များပြားခဲ့တာနဲ့ ဝယ်လိုအား လျော့နည်းခဲ့တာတွေကြောင့် အခုလဆန်းပိုင်းက ပဲဈေးတွေ အကျများခဲ့ပေမဲ့ နောက်ပိုင်းမှာ အိန္ဒိယရူပီးငွေတန်ဖိုး ထိုးကျလာတာနဲ့ ရာသီအလိုက်ဝယ်လိုအား ပေါ်လာတာတွေကြောင့် ပဲဈေးတွေ တခါ ပြန်တက်လာတာလို့ သိရပါတယ်။
မတ်ပဲဆိုရင် ဈေးအကျ စောင့်ဝယ်သူတွေနဲ့ ရှေ့အပတ်တွေမှာ ရာသီချိန်ခါအရ အဝယ်များမယ့်ကာလကို ရောက်တော့မှာမို့ ဈေးတက်ရိပ် ဖြစ်လာတာလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ဈေးကွက်ထဲကို ပဲအဝင်များလာလို့ အိန္ဒိယအဝန်း မတ်ပဲဈေးက အတက်အကျ မတူဘဲ ဖြစ်နေပါတယ်။
ပဲစင်းငုံကတော့ အစိုးရက ကြားဖြတ်ဝယ်ပေးနေတာနဲ့ တောင်သူတွေက အရောင်းထိန်းနေလို့ ဈေးကွက်ထဲမှာ အရောင်းကျပ်နေတာတွေကြောင့် ဈေးမာနေတာလို့ ဆိုပါတယ်။
လတ်တလောမှာ ဈေးကွက်ထဲကို ပဲစင်းငုံ အဝင် များလာပေမဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ရှိနေသေးလို့ ပဲစင်းငုံ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ Current Content က ဘာသာပြန်၊ စုစည်း ၊ တည်းဖြတ် တင်ပြပါတယ်။