25.2.2025
Current Content Presents
ဒီနေ့မှာ ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံးစံချိန်သစ်ကို ထပ်ရောက်ပြီးမှ နည်းနည်း ပြန်ကျသွားပေမဲ့ အမြင့်ဆုံးနားမှာ ဆက်ရှိနေပြီး ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာ့ရွှေဈေးလည်း မြင့်လာပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ အစောပိုင်းက တစ်အောင်စကို ၂၉၅၆ ဒေါ်လာကျော်အထိ ရောက်ခဲ့လို့ အမြင့်ဆုံးစံချိန်သစ် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၂၉၄၇ ဒေါ်လာဝန်းကျင်ကို ပြန်ကျနေပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်ခြိမ်းခြောက်မှု ဂယက်နဲ့ ရွှေကို ကျောထောက်နောက်ခံ ပြုထားတဲ့ ရန်ပုံငွေလုပ်ငန်းကြီးတွေထဲကို အရင်းအနှီး စီးဝင်မှုကြောင့် ရွှေဈေး အားကောင်းနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး နောက်ထပ်စံချိန်သစ်ကို တက်လာတာကြောင့် မြန်မာ့ရွှေဈေးကလည်း မနေ့က ကျပ် ၆၇ သိန်း ကျော်ရုံသာ ရှိခဲ့ရာကနေ အခု ကျပ် ၆၇ သိန်း ၄ သောင်းလောက်ထိ ဆက်တက်လာပါတယ်။
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ဒီနေ့ ရွှေဈေးကို ကျပ် ၅၅၀၀၀၀၀ အဖြစ်သာ ဆက် သတ်မှတ်ထားပေမဲ့ ပြင်ပရွှေဈေးက တရိပ်ရိပ် တက်လာနေတာ ဖြစ်ပါတယ်။
ရွှေဈေးတွေ တက်လာပေမဲ့ ပြင်ပငွေကြေးဈေးကွက်က အမေရိကန်ဒေါ်လာဈေးကတော့ မနေ့ကနဲ့ယှဉ်ရင် ကျပ် ၂၀ လောက် ထပ်ကျသွားပြီး တစ်ဒေါ်လာကို ၄၄၀၀ - ၄၄၅၀ ကျပ်သာ ရှိတော့တာ တွေ့ရပါတယ်။
ဗဟိုဘဏ်က ဒီနှစ်လအတွင်း ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကို သန်းရာချီ ရောင်းချလာတဲ့နောက် ပြင်ပဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေဈေးတွေ ခေါင်းမထောင်နိုင်အောင် ငြိမ်သက်နေပါတယ်။ ဒီသတင်းကို Current Content က တင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။