မြန်မာ-ထိုင်း B to B စနစ်နဲ့ ပြောင်းတန်ချိန် ၂ သိန်း ရောင်းဝယ်ဖို့ MoU တွေ ရေးထိုး

 


21.2.2025

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား B to B စနစ်နဲ့ ပြောင်းတန်ချိန် ၂ သိန်း ရောင်းဝယ်နိုင်ဖို့ ပြောင်းအရောင်းအဝယ် နားလည်မှုစာချွန်လွှာ (MoU) ၄၃ ခုကို ဒီလဆန်းပိုင်းက လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

အဲဒီ နားလည်မှုဆိုင်ရာသဘောတူစာချုပ် ၄၃ ခုမှာ မြန်မာနိုင်ငံဘက်က ကုမ္ပဏီ ၂၃ ခုနဲ့ ထိုင်းနိုင်ငံဘက်က ကုမ္ပဏီ (၉) ခုတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ပြောင်းတန်ချိန် ၂ သိန်းတိတိ ရောင်းဝယ်ဖို့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဝယ်လိုအားများတဲ့ကာလမှာ တစ်ဖက်နိုင်ငံဝယ်ယူသူများဘက်မှ ဈေးကစားမှုများ မဖြစ်ပေါ်လာနိုင်ခြင်း၊ ဈေးကွက် ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာခြင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခြင်းတွေ ရရှိမယ်လို့ သိရပါတယ်။

အခု ဖေဖော်ဝါရီလက စပြီး မြန်မာကနေ ထိုင်းကို အခွန်လွတ်စနစ်နဲ့ ပြောင်းဆံတင်ပို့ခွင့် ရရှိနေပေမဲ့ ကုန်သည်နဲ့ တောင်သူတွေ မျှော်လင့်ထားသလို ဈေးကောင်းမရသေးဘဲ တင်ပို့ရာမှာလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက ပြည်တွင်းပြောင်းဆံဈေး တစ်ပိဿာကို ၁၆၉၀ ကျပ် ရရှိခဲ့ပြီး အခု ဖေဖော်ဝါရီလမှာတော့ ထိုင်းကို အခွန်လွတ်တင်ပို့ခွင့် ရတာနဲ့ ဈေးပိုရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ထင်ထားသလို ဖြစ်မလာဘဲ ဈေးကောင်း မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ ဘုရင့်နောင်ဒိုင်က ပြောင်းဆံတစ်ပိဿာဈေးက ကျပ် ၁၆၈၀ - ၁၇၀၀ ရှိနေပါတယ်။