၂၀၂၄ ခုနှစ်မှာ အိန္ဒိယရဲ့ ပြည်ပပဲမျိုးစုံတင်သွင်းမှု နှစ်ဆနီးပါး တိုးတက်

 


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ ပြည်ပပဲမျိုးစုံတင်သွင်းမှု တန်ချိန်ဟာ ၆.၆၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နဲ့ ယှဉ်ရင် တင်သွင်းမှု နှစ်ဆနီးပါး တိုးလာတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပဲ ဖူလုံရေးနဲ့ ဈေးနှုန်း တည်ငြိမ်ရေးအတွက် အိန္ဒိယအစိုးရဟာ ပြည်ပပဲတချို့ကို အခွန်လွတ်စနစ်နဲ့ တင်သွင်းခွင့် ပြုခဲ့တဲ့နောက် အခုလို ပဲတင်သွင်းမှု စံချိန်တင် တိုးတက်လာတာ ဖြစ်ပါတယ်။

ပြည်ပကနေ တင်သွင်းခဲ့တဲ့ပဲတွေထဲမှာ စားတော်ပဲဝါလေးက တန်ချိန် ၂.၉၆ သန်းနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက ပြည်တွင်းမှာ ပဲဝါလေးအထွက်နှုန်း ကျတာကို ကာမိစေဖို့အတွက် ပြည်ပကနေ အခွန်လွတ် တင်သွင်းဖို့ ညွှန်ကြားခဲ့တဲ့နောက် ပဲဝါလေးတင်သွင်းမှု တဟုန်ထိုး မြင့်တက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း ဖေဖော်ဝါရီလကုန်ထိ ပဲဝါလေးကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားပါတယ်။

ပဲဝါလေးနည်းတူ မတ်ပဲ၊ ပဲစင်းငုံတွေကိုလည်း အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် ၂၀၂၄ မှာ မတ်ပဲ တန်ချိန် ၇.၆၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁၂.၃၃ သိန်းအထိ တင်သွင်းခဲ့ပြီး ဒီပမာဏဟာ အမြင့်ဆုံးစံချိန် ဖြစ်ပါတယ်။

အလားတူ ကုလားပဲကိုလည်း လေးဆတိုး တင်သွင်းခဲ့ပြီး ၂၀၂၃ မှာ တန်ချိန် ၁.၃၁ သိန်းသာ ရှိခဲ့ရာကနေ ၂၀၂၄ မှာ တန်ချိန် ၅.၇၄ သိန်းအထိ တိုးမြှင့်တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

 ၂၀၂၃-၂၄ သီးနှံကာလမှာ ရာသီဥတု ဖောက်ပြန်ခဲ့တဲ့အကျိုးဆက်အဖြစ် အိန္ဒိယအစိုးရက ပြည်ပပဲမျိုးစုံတွေကို တတ်နိုင်သမျှ တင်သွင်းဖို့ ဖွင့်ပေးခဲ့ပြီး လက်ရှိကာလမှာလည်း ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၆ ၊ မတ်လကုန်ထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။ Ref: Investing, The Hindu Business Line တင်ပြသူ - Market Beat, Current Content