ပြီးခဲ့တဲ့ မုတ်သုံရာသီမှာ အိန္ဒိယရဲ့ မိုးစိုက်ပဲဧရိယာ တိုးတက်မှု ရှိခဲ့ပေမဲ့ အခု လက်ရှိ စိုက်ပျိုးနေဆဲ ဖြစ်တဲ့ ဆောင်းစိုက်ပဲဧရိယာကတော့ မနှစ်ကနဲ့ အတူတူလောက်ပဲ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ကျွမ်းကျင်သူတွေနဲ့ ပဲကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ်မှာ အခါမဟုတ် မိုးရွာတာနဲ့ မိုးသီးနှံပေါ်ချိန် နောက်ကျနေတာတွေကြောင့် ဆောင်းပဲစိုက်ပျိုးရေးလည်း တစ်လလောက် နောက်ကျခဲ့တယ်လို့ သိရပါတယ်။
ဆောင်းစိုက်ပဲမျိုးစုံမှာ အဓိကကျတဲ့ ကုလားပဲစိုက်ပျိုးရေးဟာ တော်တော်နဲ့ မစနိုင်ခဲ့ဘဲ အိန္ဒိယအစိုးရက ဒီနှစ် ကုလားပဲ အထွက်တိုးမယ်လို့ မှန်းထားပေမဲ့ ကုန်သည်တွေကတော့ မနှစ်ကနဲ့ တန်းတူလောက်သာ ထွက်မယ် လို့ ဆိုပါတယ်။
အိန္ဒိယကို ပဲတင်ပို့နေတဲ့ သြစတြေးလျမှာ ပဲဈေးတွေ အကျဘက် ရောက်နေတာနဲ့ ပြည်ပကနေ ပဲဝါလေးတွေ အများအပြား တင်သွင်းနေတာတွေကြောင့် ပြည်တွင်းကုလားပဲဈေးအပေါ် ဖိအား ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း သြစတြေးလျဆီက ဈေးချိုတဲ့ ပဲတွေ ဝယ်ယူတင်သွင်းခဲ့တာကြောင့် အိန္ဒိယပြည်တွင်းက ကုလားပဲဈေးနှုန်းဟာ တစ်ကွမ်တယ် (၁၀၀ ကီလိုဂရမ်) ကို ၈၀၀၀ ရူပီးကနေ ၇၀၀၀ ရူပီးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယအနေနဲ့ ဆောင်းစိုက်ပဲဧရိယာကို မနှစ်ကလောက်ပဲ ရှိမယ်လို့ မှန်းထားပြီး မိုးစိုက်ပဲတွေကတော့ ဒီနှစ်မှာ မုတ်သုံအားကောင်းခဲ့တဲ့အတွက် စိုက်ဧရိယာသာမက အထွက်လည်း တိုးမယ်လို့ မှန်းထားပါတယ်။ Ref: The Hindu Business Line စာရေးသူ – ဖီးနစ် (သတင်းကို ပြန်ကူးတင်ခွင့် မပြုပါ)